လုပ်ငန်းခွင်က ဒေါသတွေ စိတ်ဖိစီးမှုတွေကိုဘယ်လို ထိန်းချုပ်မလဲ။
လုပ်ငန်းခွင်ဆိုတာ လူအမျိုးမျိုး နဲ့ ထိတွေ့ဆက်ဆံနေရလို့ လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုတွေနဲ့ သဘောထားကွဲလွဲမှုတွေကြောင့် တစ်ခါတလေမှာ ဒေါသထွက်ရတာတွေ ပေါက်ကွဲရတာတွေဖြစ်လာနိုင်ပါတယ်။
လုပ်ငန်းခွင်ဆိုတာ လူအမျိုးမျိုး နဲ့ ထိတွေ့ဆက်ဆံနေရလို့ လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုတွေနဲ့ သဘောထားကွဲလွဲမှုတွေကြောင့် တစ်ခါတလေမှာ ဒေါသထွက်ရတာတွေ ပေါက်ကွဲရတာတွေဖြစ်လာနိုင်ပါတယ်။မိမိကိုယ်တိုင်လည်း လူထဲက လူတစ်ဦးပေမို့ တစ်ခါတစ်ရံ အဲလိုအခြေအနေမျိုးတွေကြုံခဲ့ဖူးပါတယ်။ လုပ်ငန်းခွင်မှာ ဒေါသတွေမထိန်းချုပ်နိုင်ပဲ သတိလက်လွတ်တစ်ခါတစ်ရံပြုမူမိတဲ့အခါ မျက်နှာပျက်ရတဲ့ အဖြစ်မျိုးတွေ ကြုံတွေ့တတ်ပါတယ်။ အဲလိုအခြေအနေတွေကိုတတ်နိုင်သမျှ ထိန်းချုပ်နိုင်ဖို့ ကျွန်မ ကြိုးစားပြုမူလေ့ရှိတာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
၁။ အားကစားပြင်းပြင်းထန်ထန်လုပ်ပါ။
သည်းခံနိုင်စိတ်အတိုင်းအတာကိုကျော်လွန်ပြီး အရမ်းဒေါသထွက်လာအောင် တစ်ဖက်သားက တိုက်ခိုက်လာတဲ့အခါကိုယ့်အပေါ် ကျူးလွန်လာတဲ့အခါမှာ စကားရင့်ရင့်သီးသီးတွေပြောပစ်လိုက်ချင်တာမျိုး ဒါမှမဟုတ် ကိုယ်ထိလက်ရောက်ပြုမူချင်လိုက်တဲ့စိတ်မျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မျိုးမှာ ကိုယ့်ရဲ့စိတ်ကို သတိကပ်ထားပြီး မလွတ်သွားအောင် စကားတွေထပ်မပြောမိအောင် ကြိုးစားပါတယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက ကိုယ့်ရဲ့ဂုဏ်သိက္ခာကို သွားပြီးထင်ဟပ်စေတယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါကြောင့် အဲဒီလိုစိတ်ထဲမှာဖြစ်လာပြီဆိုရင် အဲဒီနေရာမှနေပြီး တတ်နိုင်သမျှ စွန့်ခွာသွားနိုင်အောင်လုပ်ပြီး အားကစားလုပ်ခြင်းဖြင့် ထွက်ပေါက်ပေးလိုက်ပါတယ်။ အလုပ်မှာစိတ်ဖိစီးမှုများများရှိတဲ့နေ့ဟာ ကျွန်မအတွက်တော့ အားကစားခန်းမမှာ ကစားလို့ အကောင်းဆုံးနေ့ပါဘဲ။
၂။ ယုံကြည်ရတဲ့ သူငယ်ချင်း၊ နားလည်မှုအပေးနိုင်ဆုံးသူနှင့်တိုင်ပင်ပါ။
လူတိုင်းမှာ အရမ်းယုံကြည်ရပြီး နားလည်မှုအပေးနိုင်ဆုံး စိတ်ချင်းနီးစပ်သူ တစ်စုံတစ်ဦး ရှိတတ်ကြပါတယ်။ ကိုယ် ကြုံနေရတဲ့အခြေအနေကို ဖွင့်ပြောပြပြီး ဆွေးနွေးခြင်းအားဖြင့် သူရဲ့မတူညီတဲ့အမြင်က ကိုယ့်အတွက် အကူအညီဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာမဆို ယုံကြည်စွာ ရင်ဖွင့်တိုင်ပင်စရာလူရှိတဲ့အတွက်ကြောင့် မြိုသိပ်ထားစရာမလိုတော့ပဲ ဒေါသတွေဖြေလျော့ပြီး ကိုယ့်ကိုပိုမို တိုးတက်ဖို့ အကြံကောင်းတွေရနိုင်ပါတယ်။
၃။ သီချင်းနားထောင်ပါ။
ကျွန်မကတော့ သီချင်းကြိုက်တတ်သူမို့ စိတ်ရှုတ်လာတိုင်း သီချင်းတွေ အကျယ်ကြီးဖွင့်နားထောင်လိုက်တာပါပဲ။ တစ်ခါတစ်လေ သီချင်းသံတွေထဲ စီးမျောရင်း လိုက်ဆိုရင်း သီချင်းနဲ့ တစ်သားတည်းဖြစ်ပြီး လက်ရှိဖြစ်နေတဲ့ဒေါသတွေကို မေ့သွားစေတာပဲ။ ရုပ်ရှင်ကြိုက်တတ်တဲ့သူဆိုလည်း ရုပ်ရှင်ကြည့်ခြင်းက စိတ်ဖိအားတွေလျော့ကျစေတယ်လို့ ဖတ်ဖူးပါတယ်။
၄။ တရားမှတ်ပါ။
အသက်ကို မှန်မှန်ရှုပြီး တရားမှတ်လိုက်ခြင်းအားဖြင့် စိတ်ဖိစီးမှုဖြစ်စေတဲ့အခြေအနေကနေ ထွက်လာနိုင်ပြီး စိတ်လိုက်မာန်ပါပြုမူလောက်အောင်ဖြစ်စေမယ့် ဒေါသစိတ်တွေကိုလည်း ပြေလျော့စေပါတယ်။
၅။ ရည်ရွယ်ချက်ပန်းတိုင်မှာပဲ အာရုံစိုက်ပါ။
ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကို သွားတဲ့လမ်းမှာ ကျန်တာတွေက အရေးမပါတဲ့အရာလို့ မှတ်ယူထားပါ။ ကိုယ့်ကိုတိုက်ခိုက်မှုတွေဟာ ပိုသန်မာအောင် လေ့ကျင့်ပေးတဲ့ခွန်အားတွေလို့မှတ်ယူပြီး ကိုယ့်ရည်ရွယ်ချက် ပန်းတိုင်ရောက်အောင်သွားဖို့ အရှိန်ပိုရစေပါတယ်။
၆။ ပညာရှင်ဆန်ဆန် ပညာရှိပီပီသသပြုမူပါ။
ဘယ်လိုမှ ရှောင်ထွက်သွားဖို့အခြေအနေမပေးတဲ့ နေရာမျိုး၊ အခြေအနေမျိုးမှာတော့ ဘယ်လောက် စိတ်ဆိုးဆိုး၊ ဘယ်လိုတိုက်ခိုက်မှုတွေပဲကြုံကြုံ စိတ်ကိုငြိမ်အောင်ထိန်းချုပ်ပြီး ကိုယ်လုပ်ဆောင်ရမည့် အလုပ်ကို တာ၀န်ကျေစွာ အကောင်းဆုံးလုပ်ဆောင်ခြင်းအားဖြင့် ပညာရှင်ဆန်ကြောင်းပြသရာရောက်ပါတယ်။
#skillsforsuccess #stress #management #workplace
#recruitment #vacancy
Categories: Knowledge